Sunday, June 17, 2007

မိုးရေထဲကနေ့

ထီးတစ်လက်ရှိနေခြင်းဟာ မီုးရွာတတ်တဲ့ နေ့တွေကို ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အကောင်းဆုံးကို သိရက်နဲ့ မရွေးချယ်နိုင်ခြင်းဟာလည်း လူတွေရဲ့ သဘာဝပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်အဓိက ပြောချင်တာက"ကျွန်တော်လည်း ခင်ဗျားတို့လို လူတစ်ယောက်ပါပဲ " ခက်တာက ...စပျစ်သီးတွေကို ချည်တယ်လို့ ပြောတတ်တဲ့ကောင် မဟုတ်ဘူးဗျ၊ ကျွန်တော်က....။ နောက်..ခေါင်းကလည်း..သူများထက်မာချင်သေးတယ်။ အဲလိုပါပဲ...တနင်္ဂနွေနေ့...။ အမြဲတမ်းလွဲချော်နေတတ်တဲ့ ကျွန်တော့်ကံကြမ္မာဟာ တနင်္ဂနွေနေ့ကို အပိုင်စီးသွားတော့တာပါပဲ..။ကိုယ့်ကိုကိုယ် လှောင်ပြုံး ပြန်ပြုံးရှုး ပြန်လာခဲ့ရတယ်။ မိုးက.. တဇွတ်ထိုးကို ရွာကျလာတယ်..... "ငါးမရ ရေခ်ျိုးပြန်" ဆိုတာမျိုးလားလို့ တွေးမိရင်းပေါ့ ။ မိုးရေထဲမှာ အေးအေးဆေးဆေး လမ်းလျှောက်နေတဲ့ လူတစ်ယောက်ကို ခင်ဗျားတွေ့ခဲ့ရင် ဘယ်လို ကောက်ချက်ချမလဲ...။အနည်းဆုံး...' ထီးတစ်လက်တောင် ၀ယ်ဖို့ ပျင်းရိနေတဲ့သူ' လို့ တွေးမိမလားပဲ..။ တကယ်တမ်းပြောရရင် မိုးရွာထဲ လမ်းလျှောက်ရတာထက် မိုးရွာထဲဘောလုံးကန်ရတာက ပိုပျော်စရာကောင်းလိမ့်မယ် ထင်တယ်။ ခပ်တုံးတုံး မြန်မာဗွီဒီယိုကားတွေထဲက မင်းသားတွေ အသဲကွဲတဲ့ ခပ်ညံ့ညံ ဒီဇိုင်းမျိုးများပေါက်နေသလားလို့ တွေးလိုက်မိတော့ ကိုယ့်ကိုကိုယ် ပြန်ချဉ်သွားတယ်။ အချစ်နဲ့ တွေ့တဲ့အခါ... ဘာဖြစ်လို့ ( ငါတို့က..) ခပ်ညံ့ညံ့ကောင်တွေ ဖြစ်သွားရတာလဲ....။ ထားလိုကပါ..၊ TEXI တစ်စီးကို တားလိုက်ခြင်းဟာ မိုးရေထဲက လူတစ်ယောက်အတွက် ထီးတစ်လက်ဖွင့်ခြင်းဟု အဓိပ္ပါယ် ရ၍ ကျွန်တော ဖွင့်လိုက်မိပါတယ်....။ ကျွန်တော်တို့ မသိနိုင်သေးသည့် အချက်တစ်ခု ရှိကောင်း ရှိပါလိမ့်မယ်......... ထိုအချက်မှာ.......... တစ်ခါတစ်ရံ ထီးတစ်လက်အောက်တွင် နောက်ထပ်မိုးတစ်ခု ထပ်ရွာနေတတ်ခြင်းပင် ဖြစ်ပါသည်။ အဲဒီ........ အဲဒီကတည်းက..... အဲဒီကတည်းက စ၍ ထီးတစ်လက်ကို မယုံကြည်တော့ သလို မိုးရွာသောနေ့ ကိုလည်း ပြန်မပိတ်မိတော့ပါ။ ။

Saturday, April 21, 2007

ဂျက်ကပြောတယ်

ဂျက်ကပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
သူ မချစ်တော့ဘူးတဲ့

ဂျက်ကပြောတယ်
ကမ္ဘာမှာ မိန်းမတွေမရှိရင်
မဖြစ်ဘူးဆိုပဲ
ဒါပေမယ့် မိန်းမတစ်ယောက်ကို သင်ချစ်မယ်ဆိုရင်
သင်တုန်းဓားကို တစ်ကြိမ်နမ်းသင့်သတဲ့

ဂျက်ကပြောတယ်
ချစ်ခြင်းမေတ္တာ၊ သူရသတ္တိနဲ့ အရိုင်းစိတ်ကို
ခင်းကျင်းပြသဖို့ အကောင်းဆုံးစားပွဲဟာ မိန်းမတွေပဲတဲ့

ဂျက်ကပြောတယ်
အဲဒီ စားပွဲပေါ်မှာ အနှစ် ၄၀ လုံးလုံး ကြာအောင်
ငါပြေးနေခဲ့ဖူးတာပေါ့ ကွာ

ဂျက်ကပြောတယ်
ကြယ်စုံမြူးတဲ့ ညမှာ
ချစ်သ၀ဏ်လွှာတွေ တစ်ညလုံးရေးနေခဲ့တာ
နေနတ်သားရဲ့  တံပိုးခရာသံကြားတဲ့ အထိပါပဲတဲ့
သို့ပါသော်ငြား
ရေးသားခဲ့သမျှ ချစ်သ၀ဏ်လွှာတွေဟာ
ပေါင်မုန့်ကြားထဲ ၀င်ရောက်သွားပြီး
ပြန်မထွက်တတ်ကြတော့ဘးတဲ့

ဂျက်ကပြောတယ်
မိန်းမတစ်ယောက်အတွက်
ဒိုင်ဗင်အကြိမ်ကြိမ် ထိုးခဲ့တယ်
ဦးခေါင်းမှာ ချုပ်ရိုးတွေချည်းပဲ

ဂျက်ကပြောတယ်
သိပ်စိတ်ညစ်တာပဲ
အချစ်ကို သက်သေပြဖို့ ငွေကြေးမလုံလောက်ဘးတဲ့
ဒါကြောင့်
ကျောက်တုံးကြီးတွေကို ခဏခဏ မပြနေရသတဲ့

ဂျက်ကပြောတယ်
မိန်းမတွေဟာ ဘယ်တော့မှ မမှားဘူးတဲ့
ငါတို့က သူတု့ကို ချစ်မိမှာသာ
အမှားအယွင်းတွေ စတင်တော့တာတဲ့
ဒါကြောင့် ဂျက်ကပြောတယ်
မိန်းမတွေနဲ့ မျက်လုံးချင်းဆုံးအောင် မကြည့်နဲ့တဲ့

ဂျက်ကပြောတယ်
မိန်းမတစ်ယောက်ကို ချစ်ရတာဟာ
ဂြိုဟ်ကမ္ဘာတစ်ခုက ပိုးမွှားအသစ်အဆန်းတွေ
ထည့်ထားတဲ့ ဖန်းဘူးနဲ့
တစ်ခန်းတည်း အတူနေရသလိုပဲတဲ့

ဂျက်ကပြောတယ်
သူဟာ တစ်နေ့တည်း နှစ်ခါ
အသက်ရှင်နေနိုင် သတဲ့
တစ်ကြိမ်က မိန်းမတစ်ယောက်ကို ချစ်မြတ်နိုးဖို့
တစ်ကြိမ်က ကမ္ဘာမြေကြီးကို ချစ်ခင်ဖို့တဲ့

ဂျက်ကပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
မချစ်တော့ဘူးတဲ့
အဲဒီနေ့က သူ အိမ်ကိုပြန်မအိပ်ဘူး

ဂျက်ကပြောတယ်
ဂျက်က ခဏခဏပြောတယ်
ဂျက်က တွေ့တဲ့သူတိုင်းကိုပြောတယ်
ဂျက်က မရပ်မနားပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
မချစ်တော့ဘူးတဲ့
အဲဒီနေ့က သူချာချာလည်အောင်မူးတယ်

ဂျက်ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်
သူဘယ်သူလဲ သိပါရဲ့ လား အဆွေငဲ့
လမ်းထိပ်မှာ အမူးလွန်ပြီး အိပ်ပျော်နေတတ်တဲ့
အရက်သမားအဘိုးကြီးကွဲ့ ။ ။
နေမျိုး
("ကဗျာဆရာ ၀ံပုလွေ-နေမျိုး" စာအုပ်မှ)

Monday, April 9, 2007

လောကပရိယာယ်


(လောကမှာ တစ်ယောက်နှင့် တစ်ယောက် ချစ်ကြတယ်ဆိုရာမှာ တကယ်ပဲ
မင်းက သူ့ကို ချစ်တာလား၊ မင်းကိုယ်မင်း ချစ်တာလား။ လူ့သဘာဝကို လေ့လာ
ရင် ကလေးတစ်ယောက်ရဲ့ အတွေးကို လေ့လာရသတဲ့။ ကလေးတစ်ယောက်ဆီ
ကသာ မှန်ကန်တဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း မြင်တွေ့ရတယ်တဲ့။)
[၁]
အချစ်ဆိုတာ မေတ္တာတွေရော အကြင်နာတွေရော ပါတဲ့ အရာပါ။
ဒါဟာ လောကကြီးမှာ အလိုအပ်ဆုံး အရာပါပဲ။ ဒါပေမယ့် လူတွေကတော့....
အချစ်ကို အမြဲရှာနေကြတာပါ။ တစ်ခါတစ်ရံ ရသလိုနှင့် တစ်ခါတစ်ခါ မရကြ
တာ ရှိတယ်။ ဘာကြောင့်လဲ......???
အကြောင်း ညီညွတ်မယ်ဆိုရင် လူတွေရဲ့ အချစ်ဟာ မိမိကိုယ်ကိုသာ
မိမိ ဦးစားပေးကြလို့ပါပဲ။ ဆိုလိုတာက...လူတွေ ' ချစ်တယ်၊ စေတနာ ရှိတယ်၊
မေတ္တာထားတယ်' ဆိုတာ အခြေအနေအရပါ။
နောက်........အခြေအနေ တစ်ခုကနေ နောက်တစ်ခုကို ပြောင်းသွား
ရင်..........။
[၂]
တစ်ခါက ကောင်လေးတစ်ယောက် ရှိတယ်။ သူက သတ္တ၀ါတွေကို
အင်မတန် ကြင်နာတတ်တယ်။ သူ့မိဘတွေကလည်း အရမ်း ချမ်းသာလေတော့
ကောင်လေးလုပ်ချင်တာတွေကို တတ်နိုင်သမျှပေး လိုက်လျောတာပေါ့ ။
ကောင်လေးကလည်း လိမ္ပာတယ်လေ။
မကောင်းတာတွေ မလုပ်ဘူး။
သတ္တ၀ါလေးတွေကို မွေးမယ်၊ အစာကျွေးမယ်။ ဒါတွေပဲလုပ်တော့
မိဘနှစ်ဦးလုံးက ကြည်နူးတာပေါ့ ။
ကရုဏာရှင်လေးလို့တောင် ခေါ်ကြတယ်။ ကောင်လေးကို ရှေ့ မှာရော
နောက်ကွယ်မှာပါ ချီးမွမ်းကြသတဲ့ ။
[၃]
တစ်နေ့မှာ...သူမွေးထားတဲ့ လိပ်ကလေးဟာ လိပ်ကန်ထဲမှာ ပက်လက်
လန်နေတာကို တွေ့ရတယ်။ ဒီတော့ ကောင်လေးက မိဘတွေကို ခေါ် ပြတယ်။ ကန်ထဲ
က လိပ်ကိုကြည့်ပြီး အားလုံးက စိတ်မကောင်းကြဘူး။ ကောင်လေးကတော့ ပြင်းထန်စွာ
ငိုကြွေးသတဲ့............။
ဒီတော့ မိဘတွေဟာ သားလေးကို မပူပန်ဖို့နဲ့ လိပ်လေးရဲ့ အသုဘအတွက်
အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးတယ်။
ဒီတော့မှ ကောင်လေးဟာ ကြည်လင်သွားတယ်။ သူငယ်ချင်းတွေကို နောက်
တစ်နေ့မှာ သူ့ရဲ့ လိပ်ကလေးကို နေ့လယ်မှာ အသုဘချမယ်။ ဒါကြောင့် ဆက်ဆက်လာ
ကြဖို့ ဖိတ်ကြားလိုက်တယ်။
လိပ်အသုဘ အတွက် ရွှေအခေါင်းလေးလည်း လုပ်ထားတယ်။
မြေမမြုပ်ဘူး၊ အုတ်ဂူသွင်းဖို့လည်း စီစဉ်ထားတယ်။
[၃]
ဒါပေမယ့် အသုဘချမယ့်နေ့ နံနက်မှာ...လိပ်ကလေးဟာ ရေကန်ရဲ့ အလယ်မှာ
ကူးခတ်နေတာကို တွေ့ရတယ်။ ဒီတော့မှ အစောင့်တစ်ယောက်က ပြောပြတယ်..............
တစ်ခ်ျို့လိပ်တွေဟာ ဒီင်္လိုပဲ တစ်ရက်လောက် ရေပေါ်မှာ ပက်လက်လှန် အိပ်တတ်
တယ်။ သေတာမဟုတ်ဘူး တဲ့...။
ဒီအခါ ကောင်လေးက အတော်စိတ်ဆိုး သွားတယ်။
" ခွေးမသား....လိပ်၊ နင့်အတွက် အသူဘလည်း ပြင်ထားပြီးပြီ။ အခေါင်းလည်း လုပ်
ထားတယ်။ ' ဂူ' လေးလည်း လုပ်ထားတယ်။ ခုတော့ မင်းက မသေဘူး..." လို့ ဆိုကာ အတော်လေး
စိတ်ဆိုးသွားတယ်။
ကဲ....လိပ်ကို ဖမ်းခဲ့ကြ။
ကောင်လေးက လိပ်ကို ဖမ်းခိုင်းတယ်။ ပြီးတော့.....လိပ်အကြောင်း နားလည်တဲ့
သူရဲ့ အစောင့်ကို မေးတော့ လိပ်သဘာဝကို ပိုသိရတယ်။
ဒါကြောင့်......လိပ်ရဲ့ အသဲနှလုံးရှိတဲ့ နေရာတည့်တည့်ကို သံချွန်ထက်ထက်တစ်ခုနဲ့
စိုက်ချလိုက်လေ သတဲ့............။
[၅]
နေ့လည်ဘက်မှာ လိပ်အသုဘလေး အောင်မြင်စွာ ပြီးဆုံးသွားလေတယ်။
ကောင်လေးကလည်း ငိုရတာ အမောပဲ...။
ကောင်လေးရဲ့  မိဘတွေကလည်း ကောင်းလေးကို အရမ်းသနားသွားတယ်။ ကောင်လေး
ရဲ့  သူငယ်ချင်းတွေကလည်း ကောင်းလေးကို ၀ိုင်းချော့ကြတယ်။
ကောင်လေးရဲ့ လျို့ဝှက်ချက်ကိုတော့ ....လိပ်အကြောင်းနားလည်တဲ့ ကောင်လေးရဲ့  အစောင့်
ကသာ ကောင်းကောင်းသိသွားတယ်။ အစောင့် မသိတာက..........ဒါဟာ....ကောင်လေးရဲ့  လျို့ဝှက်ချက်
မဟုတ်ဘဲ၊ လောကရဲ့ လျို့ဝှက်ချက် ဆိုတာကိုပါပဲ..............။

ပြောသာ ပြောရတာ.......၊ ဒီချာတိတ်နဲ့ မတူတဲ့ အဖြစ်မျိုးတွေ ကြုံဖူးပါတယ်....။
နောက်ပြီး...
အချစ်ဆိုတာ...မေးခွန်းအားလုံးကို ဖြေဆိုခွင့် မပေးဘူး.......။

Thursday, March 22, 2007

ငါ မယုံဘူး


ဘုရားရေ.............
ဟစ်တလာက မော်ဒန်ပန်းချီဆရာတစ်ယောက် ဖြစ်ချင်ခဲ့တာဆိုပဲ....
နောက် သူသေတဲ့အထိ အရက်နဲ့အသားငါးကို ရှောင်သွားတဲ့ သတ်သတ်လွတ်သမားကြီးတဲ့
မော်ဒန်ပန်းချီဆရာဖြစ်ချင်ခဲ့တဲ့ ဟစ်တလာ ရဲ့ အကောင်းဆုံးလက်ရာ(Masterpiece)ဟာ စကြာတံဆိပ် ပဲဖြစ်ခဲ့တယ်။ နောက်...ချီးမွမ်းလက်ခုပ်သံတွေအစား ဂျူးလူမျိုးသန်းပေါင်းများစွာရဲ့ အသက်တွေပဲ သူယူသွားခဲ့ရတယ်။ အဲဒီလို......... ကိုယ်ထင်တဲ့အတိုင်း ဖြစ်မလာတဲ့ လွဲချော်မှု့တွေကိုတွေ့တိုင်း ကျွန်တော်ကတော့ ရယ်မောဖြစ်တယ်။ အဲဒီအကြောင်း သူငယ်ချင်းတစ်ယောက်ကို ပြန်ပြောမိတော့ သူက
" ဒါဆို....မင်း တရယ်တည်းရယ်နေမှာပေါ့ " တဲ့။ သံတမန်စကားနဲ့ ပြောရရင် "အင်း...ဖြစ်နိုင်ပါတယ်"(May be) ပေါ့။ ဒါပေမယ့် ကျွန်တော်ယုံကြည်တာ တစ်ခုတော့ ရှိတယ်။ "ငါတို့ဟာ ဖြစ်သင့်ဖြစ်ထိုက်တာတွေရဲ့ ကျေးကျွန်မဟုတ်ဘူး၊
ငါတိုဖြစ်ချင်တာတွေရဲ့ သခင်ပဲ ဖြစ်ရမယ်" ဆိုတာပေါ့။ ပြောရရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု့ (Self-confident) ပေါ့။ ကျွန်တော်ကတော့ အဲဒါကိုပဲ ယုံတယ်။ "ခရေ" ဆိုတဲ့ အစ်မတစ်ယောက်ကတော့ ယောင်္ကျားတစ်ယောက်ရဲ့ တန်ဖိုးဟာ "တာဝန်သိတတ်မှု့နဲ့ တာဝန်ယူတတ်မှု့ "တဲ့။ သူ့အယူအဆကို မငြင်းနိုင်ပေမယ့် ပတ်ဝန်းကျင်ရဲ့သက်ရောက်မှု့ထဲပါနေလို့ သိပ်တော့လက်မခံချင်ပါဘူး။ ကျွန်တော်တို့
ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံတော်အတွက် အများကြီးကြိုးပမ်းအားထုတ်ခဲ့သူဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့် သူ့မိသားစုအပေါ်မှာ အခြားယောင်္ကျားသားတွေလို တာဝန်ကျေခဲ့ပါသလား ဆိုတဲ့မေးခွန်းကိုတော့ သေချာပေါက်မဖြေနိုင်ဖြစ်ရမှာပါ။ နောက်ပြီးသေချာစဉ်းစားပြန်ရင် ပတ်ဝန်းကျင်ဆိုတာ အလကားပါ၊ ပတ်ဝန်းကျင်ဆိုတာ မျက်စိတစ်မှိတ်လေးအတွင်းမှာ ဖြစ်ပျက်တာလေးတစ်ခုအပေါ်မူတည်ပြီး ကောက်ချက်ချတတ်တဲ့ တရားလိုရှေ့နေတဲ့ ...................
တစ်ခါက ကမ္ဘာကျော်လူရွှင်တော် ချာလီချက်ပလင်အတုပြိုင်ပွဲ တစ်ခုလုပ်ကြတယ်။
ဒါကို နောက်ချင်တာနဲ့ ချာလီချက်ပလင်အစစ်ကိုယ်တိုင် သွားပြိုင်ပါတယ်။
ရယ်တော့ ရယ်ရသား......................သူ အဲဒီပြိုင်ပွဲမှာ ဒုတိယ ပဲရတယ်။
ချာလီချက်ပလင်အစစ်က ချာလီချက်ပလင်အတုပြိုင်ပွဲမှာ ဒုတိယ ပဲရရှာတယ်...။
အဲဒီကတည်းက........
ကျွန်တော် ပတ်ဝန်းကျင်ကို မယုံတော့ဘူး။

ဖတ်မကြည့်ရ(မြူတွေထဲမှာ စဉ်းစားကြည့်ခြင်း)

ငါဒီနေ့ ဘာတွေဆက်လုပ်ရမလဲ........
ကျောင်းသွားမလား..............??? ( Rocallယူဖို့သွားမှာလား၊ ကျောင်းတက်ဖို့သွားမှာလား )
အင်္ဂလိပ်စာမှာ I go to the school ဆိုရင် ကျောင်းတက်ဖို့ ကျောင်းသွားတာမဟုတ်ဘူးလို့ အဓိပ္ပါယ်ရတယ်။ ကျောင်းသွားမလား၊ မသွားဘူးလား စဉ်စားနေတာနဲ့တင် အချိန်ကုန်သွားပြီ။ အဖြေကထွက်မလာဘူး။
ဟူး.....လူ့စိတ်က မျေက်စိတ်ပဲ၊ အမျိုးမျိုးပြောင်းနေတော့တာပဲ။
ဒါကြောင့် လူသားတွေဟာ မျောက်က ဆင်းသက်လာတာလို့ ဒါဝင် ပြောတာဖြစ်မယ်။
ငါတို့ မြန်မာလူမျိုးတွေဟာ ကမ္ဘာဦးလူသားတွေထဲမှာ သက်တမ်းအရင့်ဆုံးတဲ့ (မျောက်ကနေ လူဖြစ်တဲ့ ဖြစ်စဉ်မှာ အရင်ဆုံးလူဖြစ်ခဲ့သူတွေပေါ့)၊ ပုံတောင်ပုံညာက ပရိုင်းမိတ်ရုပ်ကြွင်းတွေက သက်သေပြခဲ့တယ်။ မျောက်ကနေ လူဖြစ်တာတော့ ဟုတ်ပါပြီ၊ လူကနေကော ဘာဆက်ဖြစ်မှာလဲ..... " ပရမ်းပတာဖြစ်မှု့ သီအိုရီ " ကိုကိုင်ပြီး စာရေးဆရာကိုတာက စိုးရိမ်တကြီးပြောလာတယ်။
"... တကယ်လို့ လူကနေမျောက်ပြန်ဖြစ်မယ်ဆိုရင်..........ရှေးအကျဆုံးလူသားတွေဖြစ်တဲ့ မြန်မာတွေက အရင် မျေက်ပြန်ဖြစ်လိမ့်မယ်တဲ့ "
"မျောက်ပဲ ဖြစ်ရင် တော်သေးတာပေါ့ကွာ............" တဲ့
ကိုယ့်ကိုကိုယ်အားမရတဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ်။

Monday, March 19, 2007

လေခိုနေတဲ့ ညနေ


(၁)
နေက အတော်လေး စောင်းသွားပြီ...။

(၂)
ညနေခင်းရထားနဲ့ ဆိုက်ရောက်လာလိမ့်မယ်
ပေါင်မုန့်အသစ်တွေနဲ့ ၀ိုင်ချိုအိုးတွေ...
စားခွင့်မရရင်တောင် ချိုအီနေနိုင်တဲ့
အခိုင်လိုက် စပျစ်သီးတွေ....
တစ်ဖွဲ့ကြီး ဆိုက်ရောက်လာလိမ့်မယ်..။

(၃)
ရထားကြိုဖို့ ထွက်လာ
လေကလေးချွန်တဲ့ပြီး
စိတ်လက်ကြည်သာပန်းတွေ
ဆယ်နှစ်ရာသီစာ တပြိုင်တည်းပွင့်
စမ်းချောင်းလေးထဲ
လှိုင်းသားပေါက်လေးတွေ ခုန်ထ
ဘူတာ နီးလာပြီ....!!!!
ရထားအကြိတ်ခံရတဲ့ သံလမ်းလို
ရင်အုံလေး တုန်ခါပြ
ဘူတာနီးလာ......ရင်အုန်တုန်ခါ
ပိုနီးလာ........အရမ်းတုန်ခါ

(၄)
ဝင်လာဘီ
ရထား ကိုယ့်ဆီ ၀င်လာဘီ
မဟုတ်သေးဘူး
ကိုယ်က ညနေခင်းထဲ ၀င်သွားတာ
ဟိုမှာ..!! ရနံ့တွေ မဟုတ်လား
ပေါင်မုန့်သစ်ရနံ့
စေးပျစ်ထုံအီ ၀ိုင်ခ်ျိုရနံ့ တလူလူ
ဦးထုပ်ဖြူလေး ထက်အောက်လှုပ်ပြနေတာကရော
ဟုတ်လား..!! ဒါ
သိပ်ကို ရည်ငံနေပါလား
ကိုယ့်အတွက် “တိုးတိုးဖော်” တဲ့လား
ထခုန်စမ်း!!!!!!!
ဝမ်းသာဟောက်ပက် ထခုန်ပစ်စမ်း
ဒီလိုတော့လည်း စိတ်ကောင်းရှိလှချေလား
ရထားက ကိုယ့်ဆီ အပြေးကလေး..
သခင်ကြိုခွေးလေးတစ်ကောင်လို
ကိုယ်က အမောတကော ပြေးလွှား..
ရထားက မီးခိုးအူလို့ လေထဲမှာ ... ... ..
ကိုယ်က မီးခိုးအူလို့ လေထဲမှာ ... ... ..

(၅)
ဒီကနေ့ထုတ် သတင်းစာက
ဒီလို ဖော်ပြထားတယ်
“................နပိုလီယန်အတွက်
ဘရပ်ဆဲလ် ကပွဲတွေမှာ ဘရိတ်ပေါက်ခဲ့တယ်၊
လူအိုရုံဘူတာလေးမှာ......
မနေ့က ရထား ဘရိတ်ပေါက်ခဲ့တာလည်း
သိပ်ကို ကျိန်းသေတယ်.....”

(၆)
နေက အတော်လေး စောင်းသွားပြီ.....။

- မျိုးသက်နှစ် -

  © Blogger template 'A Click Apart' by Ourblogtemplates.com 2008

Back to TOP